Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏    ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့်   လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်အမျိုးအစား (၄) ခုဖြစ်သည့် အသားနှင့်အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား (၁၄) ခုဖြစ်သည့် အစာသွပ်ရန်အသုံးပြုသည့် အပေါ်ခွံအစွပ်၊ ပျားရည်နှင့်ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ စားသုံးနိုင်သောအစေ့အဆံများ၊ ကြိတ်ခွဲသီးနှံ ထွက်ကုန်များ နှင့်မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆံများ၊သစ်သီးခြောက်များ၊ မလှော် ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်းကုန်စည် အမျိုးအစား (၁၈) အုပ်စုတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင် ရမည်ဖြစ်ပါသည်။

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံ တင်နိုင်ရေးအတွက်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါကုန်စည် အမျိုးအစား (၁၈) အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ် ဖြစ်သည့် https://cifer.singlewindow.cn/ သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရ မည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ (၁၂၄၆) ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း (၂၂၃၇) စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၁၀၃) ခု၊ စောင်ရေ (၂၀၉၄) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၂၀)ခု၊ စောင်ရေ (၁၂၀)စောင်၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄)ခု၊ စောင်ရေ(၁၄) စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၉) ခု၊ စောင်ရေ (၉) စောင် ဖြစ်ပါသည်။

အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်သွင်းနိုင်ရန်အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https://ciferquery.singlewindow.cn/ ၌ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအား ပြင်ဆင်ထားခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အောက်ရှိ Department of Animal and plant Quarantine ဌာနမှ စိုက်ပျိုးရေးစားသောက်ကုန်များဖြစ်သည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans)၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့်အစေ့အဆံများ (Edible grain)၊ ပဲများ ၊ ဆီထွက် အပင်များ ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ၏ quarantine access ကို GACC အောက်ရှိ Department of Animal and plant Quarantine ဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ပါသည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်လုပ်၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ Competent Authority Department မှ အရာရှိ (Competent Authority) ကသာ    ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပါသည်။ စာ(သို့မဟုတ်) Email ဖြင့် [email protected] သို့ပေးပို့ရမည်ဖြစ်ပါသည်။ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်သံရုံး တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ Website တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင် ဝင်ရောက်လျှောက်ထားသည့်ကုန်စည်အုပ်စုအပါအဝင်စုစုပေါင်းစောင်ရေ(၁၈၂၉)စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။


                                                                                                                                   GACC ရုံးလုပ်ငန်းအဖွဲ့
                                                                                                                                ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

Category: Local News